Friday, January 1, 2010

ကျွန်တော်နှင့် ခရစ်ယာန်ဘာသာ

နံပါတ် (၁) အန္တရာယ်

ဤကိုယ်တွေ့ အတွေ့အကြုံများကို ရေးသားရာတွင် မှုသား မပါပေ။ ဘာသာတရား လွတ်လပ်ခွင့်များကိုလည်း မစော်ကားပေ။ ဗုဒ္ဓ သာသနာဝင်များသည် မိမိတို့၏ အမျိုးသိက္ခာကို စောင့်စောင့်ခြင်း ရက္ခတစိတ် ထားရာ၌ အတွင်းရန်၊ အပြင်ရန်အား ဆင်ခြင်သတိဖြင့် မှန်ကန်စွာ သိရန်သာ တင်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်စာရေးသူသည် လက်ရှိအထိ ခရစ်ယာန် အသင်းအဖွဲ့တစ်ခုနှင့် ပတ်သက်၍ ၀န်ထမ်း အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသောကြောင့် မှန်ကန်သော ခရစ်ယာန် လူကောင်းများအား ထိခိုက်စေလိုသော စိတ်စေတနာလည်း မရှိ ပေ။

ကျွန်တော်သည် ကျောင်းသားဘ၀တွင် ဘာသာခြားများနှင့် ပေါင်းသင်းဘူးပါသည်။ စကားကြုံလျှင် ဘာသာရေး စကားများလည်း ပြော ခဲ့သည်များ ရှိပါသည်။ အတွင်းကျကျ ပြောခြင်းတော့ မဟုတ်ပါ။ ကျွန်တော်နှင့် ကျောင်းနေဖေါ် သူငယ်ချင်းများတွင် ခရစ်ယာန် ဘာသာ ၀င်များနှင့် ရင်းနှီးစွာ မဆုံဘူးခဲ့သော်လည်း ဖန်ဆင်းရှင်ဝါဒကို လက်ခံသည့် အခြားသော ဘာသာဝင်များနှင့် ရင်းနှီးမှုများ ရှိခဲ့ပါသည်။ လူသား သဘာဝ အတိုင်း ကိုယ့်ဘာသာကောင်းကြောင်း ကိုယ်ပြောများမှာ ဓမ္မတာ ဖြစ်သော်လည်း- သူတစ်ဦးအား မိမိဘာသာ အတွင်း သို့ အတင်းအဓမ္မ ဆွဲခေါ်ခြင်းများ- သူတစ်ပါး၏ အိမ်သို့ တံခါးခေါက်၍ အချိုသပ်လျှက် မိမိသာသနာကောင်းကြောင်း အတင်းအဓမ္မ မြှူယ်ဆွယ်ခြင်း ဓမ္မ သီချင်းဆိုခြင်းများကို မကြုံဘူးခဲ့ပါ။ စိတ်ဆိုးရခက် နုကြမ်းစီး သာသနာပြုခြင်းများကို ကျွန်တော်တို့ ဗုဒ္ဓသာသနာမှ မပြုလုပ်သလို- ကျွန်တော်နှင့် ခင်မင်ဘူးသော သူငယ်ချင်းများ၏ ဘာသာများမှလည်း မတွေ့ခဲ့ရပါ။ တစ်ဦးနှင့် တစ်ဦး သာရေးနာရေးနှင့် ဘာသာရေး ရက်များတွင် လူမှုရေး အရ ဖိတ်ကြားခြင်းများသာ ကြုံဘူးခဲ့ပါသည်။

စီးပွားရေး အခက်အခဲများကြောင့် ဘွဲ့ရသည်နှင့် ထိုင်းနိုင်ငံဘက်သို့ အလုပ်လုပ်ရန် လာရောက်ခဲ့ပါသည်။ မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ လူမျိုးစုံ- ဘာသာစုံကို တွေ့ကြုံရသည်- ဆက်ဆံရသည်။ ပေါင်းသင်း မိတ်ဖွဲ့သည်- ကျွန်တော်တို့ မြို့ထက် လူမျိုး-ဘာသာ ပိုများပါသည်။ ထိုမြို့တွင် လက်ဇောင်းထက်လှသော ခရစ်ယာန် သာသနာပြုများနှင့် ရင်ဆိုင်တိုးရပါတော့သည်။

သူတို့သည် အပြောချို၏။ လူမြင်ကောင်းရန် ၀တ်စားဆင်ယင်၏။ ပျူငှာဖေါ်ရွေဟန်ရှိ၏။ အခက်အခဲ ရှိသူများအား ကူညီ ယိုင်း ပင်းဟန် လည်း ရှိ၏။ ကျွန်တော်တို့နှင့် ပေါင်းသင်း ပတ်သက်ရန်လည်း အခက်အခဲ အဟန့်အတားဟူသည် မရှိ။ အခြားသော ဖန်ဆင်းရှင်ဝါဒ လက်ခံသူများနှင့် မတူ၊ အစားအသောက်- အနေအထိုင် ကျွန်တော်တို့နှင့် ကွဲလွဲမှု မရှိ။ ကျွန်တော်တို့နှင့် သူတို့အကြား လူမှုဆက်ဆံ ရေး၊ တည်းခိုစားသောက်ရေးအတွက် အဖုအထစ် မရှိပေ။

ကျွန်တော်တို့မြို့မှ ဘာသာခြားများနှင့် ရင်းနှီးခဲ့ဘူးသော်လည်း ကျွန်တော်အား သူတို့၏ ဘုရားကျောင်းများသို့ တစ်ခေါက်မှ မခေါ်ဘူးခဲ့ပါ။ ကျွန်တော်ကလည်း သူတို့၏ ဘုရားကျောင်းဆိုသည်ကို သွားရကောင်းမည်ဟု မည်သည့်အခါကမျှ မတွေးမိခဲ့ပါ။ မိမိဖာသာ မိမိ အလိုက် သင့် ပိုနေမြဲ ကျားနေမြဲ နေသားတစ်ကျ နေလိုက်ခြင်းသာ ဖြစ်ပေသည်။ မိဘရိုးရာ အစွဲ- ပတ်ဝန်းကျင်ထုကြီး၏ သတင်းရိုတ်ခတ်မှုဒဏ် ကို
လွန်ဆန်နိုင်သူဟူ၍ ရှိမည်မထင်- ထိုအထဲတွင် ကျွန်တော်သည်လည်း ပါနေမိရာ- ဘာသာခြားများအပေါ် စိတ်ကသိကအောက် ဖြစ်မိသည်များလည်း ရှိခဲ့ပါသည်။

ယခု ခရစ်ယာန်များသည်မှာမူ- ကျွန်တော့အား ဘုရားကျောင်းသို့လိုက်ရန် အတင်းအဓမ္မ စည်းရုံးလျှက် ခေါ်ပါသည်။ နောက်ဆုံး အား ကျို့အားနာနှင့် လိုက်ပါရန် မျိုးစုံ ပြောဆိုပါသည်။ သူတို့၏ ဘာသာရေး ဘုရားကျောင်းသို့ ခေါ်ယူပုံမှာ အလွန်လှိုက်လှဲ ပျူငှာဟန် ရှိ သော်လည်း- လူမှုရေး ခင်မင်မှု ဘောင်မှ လွန်ကဲနေသည်ဟု ကျွန်တော် ခံစားမိပါသည်။

ကျွန်တော်လည်း အားကျိုးအားနာဖြင့် သူတို့၏ ဘုရားကျောင်းသို့ လိုက်သွားမိပါသည်။ ဘုရားကျောင်းတွင်- ကျွန်တော် တစ်ခါဘူးမျှ မကြားဘူးခဲ့သော စကားကို ကြားလိုက်ရပေသည်။ ကျွန်တော့ နားကိုပင် ကျွန်တော် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိပါသည်။ ထိုစကားမှာ အခြားမဟုတ် `သခင် ခရစ်တော်အား ထာဝရ ဘုရားသခင်၏ သားတော်´ ဟု ယုံကြည်သက်ဝင်လိုက်လျှင် ထိုယုံကြည်သူ ၏ ရှိသမျှသော မကောင်းမှု အပြစ်များကို သခင်ခရစ်တော်က အကုန် ခံယူ သွားမည် ဟူသော စကားပင် ဖြစ်ပါသည်။ တရားဟော ဆရာသည် သူ့အယူဝါဒ သူ့လက်ခံမှုအား သူပြောနေသည်ကို ကျွန်တော် နားလည်ပေး၍ ရပါသည်။ သို့သော် ထိုရားဟော စင်မြင့်ပေါ်မှ ဗုဒ္ဓဘာသာတို့၏ ကံ-ကံ၏ အကျိုး ကို ယုံကြည်ထားမှုမှာ လုံးဝ မှားယွင်းကြောင်း၊ ရေနစ်နေသူသည် မိမိကိုယ်မိမိ မကယ်တင်နိုင် ကြောင်း ထိုရေနစ်နေသူအား အခြားသူ တစ်ဦးက ကယ်တင်မှ ရနိုင်သည့် အကြောင်း- လူသားအပေါင်းအား ကယ်တင်မည့် သူမှာ ယေရှုဘုရားသာ ဖြစ်ကြောင်း- ပြောဆိုပါတော့သည်။

ကျွန်တော့အား ဘုရားကျောင်းသို့ အတင်းခေါ်ယူသွားပြီး ကြိုးတုတ်ရိုက်နေသည်ဟု ကျွန်တော် ခံစားမိပါသည်။ ကျွန်တော့ စိတ်ထဲတွင် ကျွန်တော့အား စော်ကားသည်ဟု သုံးသပ်မိသည်။ ထို ခရစ်ယာန်ဆရာနှင့် ကျွန်တော် တွေ့ဆုံမည် ဆွေးနွေးမည် စကားပြောမည်ဟု ခံစားချက် ဖြစ်ပေါ်မိသည်။ သို့သော် ကျွန်တော် လေ့လာရပေဦးမည်။ မိမိဘာသာအကြောင်း- သူတစ်ပါး၏ ဘာသာ အကြောင်းများကို တတ်အားသ၍ လေ့လာရဦးမည်။ ထိုဆရာနှင့် တွေ့ကို တွေ့ဦးမည်ဟု-------။ ကျွန်တော် ဘ၀င်မကျသော စကားနှစ်ခုမှာ ကယ်တင်ရှင် ဆိုသည်နှင့် ယေရှုဘုရား ဟူသည်ပင်။ (ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များက ရှင်ဂေါတမ မြတ်စွာဘုရားကိုသာ ဘုရားဟု ခေါ်ဆို၍ အခြား သူများ ကိုးကွယ်ယုံကြည်သော ဘာသာရေး ခေါင်းဆောင်များကို ဘုရား ဟု မခေါ်ဆိုသည့်အပြင်- ထိုသူများ ပြောဆို သုံးနှုံးသည်ကို လည်း နားဝင် မဖြောင့်ပေ။ ငယ်စဉ်က ယေရှုခရစ် ဟုလည်းကောင်း ခရစ်တော်ယေရှု ဟုလည်းကောင်း ကြားဘူးသည်မှာ နားဝင်ကြမ်း စရာ အကြောင်း မရှိခဲ့ပေ။ သူ့အသုံးနှင့် သူပြောဆိုနေသည်သာ။ အများသုံး စကားလုံးများသည့် ရုပ်နာမ် မရှိသော ထာဝရဘုရား၊ အစိန္တေယျဘုရား၊ အသင်္ကတဘုရား စသည်ဖြင့် သူတို့၏ ဖန်ဆင်းရှင်ဘုရားများကို ခေါ်ဆိုနေသည်မှာလည်း ကျွန်တော်တို့အတွက် ခံစားချက် ကသိ ကအောက်ဖြစ်စရာ အကြောင်းမရှိဟု ထင်သည်။ ယခုမူ ယေရှုဘုရား ဆိုသည်မှာ ဗုဒ္ဓဘာသာများအတွက် ပုံမှားရိုက် ခြင်းသာ ဖြစ်သည်ဟု နားလည်မိပေသည်။

သူတို့ ဘာတွေ ဟောပြောသလဲ၊ အခြားသော ဘာသာခြားများကရော ဘာတွေ ဟောပြောသလဲ၊ ကျွန်တော် အလျှဉ်းသင့်သလို လေ့ လာရမည်။ သူတစ်ပါး၏ ယုံကြည်မှု ဘာသာတရား တစ်ခုအား ဘလိုင်းကြီး ပုတ်ခတ်စော်ကားခြင်းကား ထိုဟောပြောနေသော သူ ကိုယ် စား ပြုသည့် ဘာသာတရား၏ အဓိက ရည်ရွယ်ချက် ဖြစ်နေလျှင်- ထိုဘာသာ တရားသည် လူသားများ အတွက်၊ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာ မြန်မာများအတွက် အလွန် အန္တရာယ်ရှိသော ဘာသာတစ်ခု ဖြစ်နေပေသည်။

ဘုရားကျောင်းမှ အပြန်တွင် ကျွန်တော် ခရစ်ယာန် ကျမ်းစာ တစ်အုပ်ကို တောင်းယူခဲ့ပါသည်။ သူတို့ကလည်း လွယ်လွယ်ကူကူပင် ပေး လိုက်ပါသည်။ ကျွန်တော်တွေးမိသည်မှာ အကယ်၍ ငါတို့ ဗုဒ္ဓဘာသာ စာအုပ် တစ်အုပ်ကို တောင်းရင် ဒီလို လွယ်လွယ်ကူကူ မရနိုင် ဘူး အခု သူတို့က အလုံးအရင်းနဲ့ ဘာသာ ဖြန့်ချီနေပါလား- ဟု ဖြစ်သည်။ စိတ်ထဲတွင် မနာလိုမှုပင် ဖြစ်ပေါ်မိသည်။ သို့သော် ထိုမနာလို မှုသည်ပင် အကုသိုလ်ဖြစ်နေသောကြောင့် မိမိဘာသာတရားအား ကြည်ညိုသည့် အလျှောက် မနာလိုမှုအား ဖျောက်လိုက်ရပါသည်။

နောက်တစ်ပါတ် သောကြာနေ့တွင် ကျွန်တော်၏ ဘာသာခြား သူငယ်ချင်း တစ်ဦးအား- သူတို့၏ ဘုရားကျောင်းသို့ လိုက်ချင်သည်ဟု ပြောဆိုသောအခါ- ထိုသူငယ်ချင်းက သူတို့မှာ ဘုရားကျောင်း လို့ မရှိကြောင်း၊ ဗလီလို့ ခေါ်ကြောင်း၊ အချို့ မြန်မာစာ တတ်ကျွမ်းသူများ က အစ္စလာမ့် ၀တ်ကျောင်းတော်ဟု ဘာသာပြန်ဆိုကြောင်း ပြောပါသည်။ (ကျွန်တော်သည်လည်း ဗလီ ဆိုသော အသုံးကို ကြားဘူး ပြီး သားပင်၊ သို့သော် လူမှုရေးအရ ပြေပြစ်စေရန် ဘုရားကျောင်း ဟု သုံးလိုက်မိခြင်း ဖြစ်သည်။ သူ့အဖြေမှာ ကျွန်တော့ အတွက် ထိခိုက်မှု မရှိပေ။ သူ့ဘာသာရေး အသုံးအနှုံးကို သူတို့ဟာ သူတို့ မွေးစားထားခြင်း ဖြစ်၍ အခြားသူများ၏ ဘာသာတရား အသုံးအနှုံးကို ဆင်တူရိုး မှာ ပုံတူရိုက်ခြင်း မရှိဟု ခံစားမိသည်။) သူက ဆက်၍ ကျွန်တော်တို့ ဗလီကို ခင်ဗျားလိုက်လို့ ဘာထူးမှာလဲ။ ခင်ဗျားက ကျွန်တော်တို့လို ဘုရားရှိခိုးတတ်တာမဟုတ်ဘူး။ လူတွေကလည်း များပါတယ်- တော်ကြာ စိတ်ညစ်နေရမယ်- ဟု ပြန်ပြောပါသည်။ (ကျွန်တော်က ရောယောင်၍ ဘုရားရှိခိုးချင်သူ မဟုတ်- ဘာသာခြားများက ဗုဒ္ဓဘာသာအကြောင်း ဘာတွေ ပြောနေကြသလဲ ဆိုသည်ကိုသာ သိချင် သူ ဖြစ်သည်။) ကျွန်တော်က ဒါဆို တရားနားထောင်လို့ မရဘူးလားဟု မေးလိုက်သည်။ သူက ရပါတယ်။ ဒေါင့်တစ်ဒေါင့်မှာ ထိုင်ပြီး နား ထောင်ပါ ဟု ဆို၍ ခေါ်သွားပါသည်။

ဗလီသို့ ရောက်သော အခါ- သူတို့ဘာသာ သူတို့စကားဖြင့် တရားတစ်ပိုင်းဟောသည်။ ထို့နောက် မြန်မာဘာသာစကားဖြင့် တရားဟော သည်။ ထိုတရားများတွင် မည်သူ၏ အကြောင်းမှ မပါ။ လူတွေ ကောင်းကောင်းနေရန်၊ စာရိတ္တကောင်းရန် (သူတို့ယုံကြည်သော) ဘုရား သခင်ကို ကြောက်ရန်- အဲ့ဒီ ဘုရားရှေ့မှာ ဘယ်သူမှ လိမ်ညာထားလို့ မရကြောင်းနှင့် ထိုဘုရားက လူသားတွေ လောကမှာ ကောင်း ကောင်း မွန်မွန် နေထိုင်တာကိုပဲ မြင်တွေ့ချင်ကြောင်း။ ဘုရားကိုသိရန်။ ဘုရားဟော အတိုင်း တတ်နိုင်သမျှ နေထိုင်ကျင့်ကြံဘို့- စသည် တို့ကိုသာ ဟောပြောသွားသည်။ ထို့နောက် သူတို့ ဘာသာစကားဖြင့် ဆုတောင်းကြသည်။ မေတ္တာပို့ကြသည်။ ဘုရားရှိခိုးကြသည် များ ကိုသာ မြင်တွေ့ခဲ့ရပေသည်။ ကျွန်တော့အားလည်း အလေးထားပုံမရှိ။ လူတစ်ချို့သာ ပြုံးပြ၍- လူအများစုကြီးမှာ သူ့ဖာသာသူ လုပ်စရာ ရှိသည်များကို လုပ်နေကြပေသည်။ ခရစ်ယာန်များကဲ့သို့ ပျူပျူငှာငှာ ဖက်လဲတကင်း မရှိပေ။

ကျွန်တော့အား ပျူငှာခြင်းလည်း မရှိ။ ရန်မူခြင်းလည်း မရှိ- သောကြောင့် ကျွန်တော့စိတ်ထဲတွင် ခပ်စိမ်းစိမ်း၊ ခပ်ရှိန်းရှိန်း ဖြစ်မိပေသည်။ သို့သော် သူတို့၏ အပြုအမူများမှာ သူတစ်ပါးအား ထိခိုက်ခြင်း မရှိ။ သူတစ်ပါးအား ရန်ရှာခြင်း မရှိ။ သူတစ်ပါး ဘာသာအား ပုတ်ခတ် စော်ကားခြင်းမရှိ။ သူတို့အလုပ် သူတို့ လုပ်သွားခြင်းသာ ဖြစ်သည်။ ဗလီမှ ထွက်လာသော အခါ- လ္ဘက်ရည်ဆိုင်တွင် ထိုင်ကြသည်။ ထို အခါတွင်မှ- ကျွန်တော့အား လ္ဘက်ရည်သောက်ပါ။ မုန့်စားပါ။ ဟု ပြောဆိုသူ အတော်များများကို တွေ့ရသည်။ သူတို့၏ ဖေါ်ရွေပုံကား တစ်မျိုး ပါလား။ ဟု ခံစားမိသည်။ လ္ဘက်ရည်သောက် မုန့်စား စကားစမြည်ပြောသော အခါတွင်လည်း သာမာန် လူမှုရေးမှအပ အခြား ဘာသာရေး အကြောင်း မပါသလောက်ပင်။ ကျွန်တော်တို့ မြို့မှ သူငယ်ချင်းများနှင့် ထူးမခြားနားပေ။

ကျွန်တော်က စိတ်ထဲမှာ ထိန်းမနိုင်ဘဲ `ခင်ဗျားတို့ ပြုလုပ်တဲ့ အပြစ်ကို ဘုရားသခင်က ကယ်တင်မယ်လို့ ယုံကြည်သလား´လို့ မေး ကြည့်တော့- ထိုင်ဝိုင်းထဲမှ လူတစ်ယောက်က- `မင်းကလည်းကွာ ရူးနေသလား။ ကိုယ်လုပ်တဲ့ အပြစ်ကို ဘယ်သူက လာ ကယ်မလဲ။ ကိုယ်လုပ် ကိုယ်ခံပေါ့၊´ ကိုယ်လုပ်တာကို ဘုရားသခင်က ခံမယ်ဆိုရင်- ဘယ်သူက ဒုက္ခခံပြီး ကောင်းမှုတွေ လုပ်နေမလဲ- လောကမှာ ကောင်းမှု လုပ်ရတာ- ဒုက္ခအဖြစ်ဆုံးပဲ၊´ လို့ ပေါ့ပေါ့တန်တန်ပင် ၀င်ဖြေလိုက်ပေသည်။ ကျွန်တော်က `ဒါဆို ခင်ဗျားတို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာလို ကံ-ကံ၏ အကျိုးကို လက်ခံတာပေါ့။´ ဟု ဆက်မေးမိတော့- သူက `ဒါတော့ ငါလည်း မသိဘူး။ ငါက ဗုဒ္ဓဘာသာကို ဘာမှ မသိဘူး။ ဒါပေမယ့် ငါတို့ ဘာသာမှာတော့ ကိုယ်လုပ်တာ ကိုယ်ခံပဲ။ ကိုက ခိုးရင် ရဲက ကိုယ့်ကိုပဲ ဖမ်းမှာပဲ။ ဘယ်ဘုရားကိုမှ သွား ဖမ်းမှာ မဟုတ်ဘူး။ ဘုရားဆိုတာ- လူတွေကို ဒါက မကောင်းဘူး။ ဒါကကောင်းတယ် လမ်းညွှန်မိန့်ခြွေတဲ့ အရှင်ပဲ။ ဒီထက်လည်း များများစားစား၊ ငါမသိဘူး။ မင်းလေ့လာချင်ရင်တော့ စာအုပ်တွေ ၀ယ်ဖတ်ပေါ့၊ မြန်မာပြန်တွေ ရှိတာပဲ´ဟု ပြောပါသည်။

ဖန်ဆင်းရှင်ကို ယုံကြည်တာခြင်း တူပေမယ့်- ကွဲတော့ ကွဲနေပြီ။ ဟု ကျွန်တော့ စိတ်ထဲတွင် သတ်မှတ်မိပါသည်။ သို့သော် ကျွန်တော် တို့နှင့် အသွင်အပြင် မတူသော မူဆလင်များအား ကျွန်တော်ထင်ခဲ့သော အထင်အမြင်များမှာ တစ်စုံတစ်ရာ လွဲချော်နေ၍- ကျွန်တော်တို့ သတိထားရကောင်းမှန်း မသိသော ခရစ်ယာန်များမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အတွက် နံပတ် (၁) အန္တရာယ် ဖြစ်သည်ဟု သိလိုက် ရပေသည်။

ကျွန်တော့တွင် ထိုင်းငွေ (ဘတ်) ၂၀၀၊ ၃၀၀ ဖြင့် မူဆလင်စာအုပ်များကို မ၀ယ်နိုင်ပါ။ ကျွန်တော်ကိုယ်တိုင် စက်ချုပ်ရုံတွင် လုပ်ရ သည်မှာ ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ဖြစ်နေရသည်။ လောလောဆယ်တွင် မူဆလင်သည် ကျွန်တော်တို့ အတွက် အန္တရာယ် ရှိသည်ဟုလည်း မခံစားမိပါ။ အသွင်ကွဲပြား- အစားအသောက် ဂျီးများသော်လည်း သူ့သဘာဝနှင့်သူ ကျင်လည်နေသည်သာ။ မည်သူ့ ကို နောက်ကြောမှ ဓါးဖြင့် ထိုးခြင်းမရှိပေ။

ထို့ပြင်- ကျွန်တော့တွင် ခရစ်ယာန်ကျမ်းစာ တစ်အုပ် ရှိနေပေသည်။ ထိုစာအုပ်ကိုသာ ဖတ်ရမည် ဖြစ်သည်။ သူ့အကြောင်း မသိက သူ့အား ဆွေးနွေးရန် မဖြစ်နိုင်ပေ။ ကျွန်တော်ကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ကျွန်တော်သည် အတတ်ကြီး မဟုတ်သော် လည်း အောက်စာကြေထားသလောက် ရှိပါသည်။

ထိုဖြစ်ရပ်သည် (၂၀၀၀) ခုနှစ်မှ ဖြစ်သည်။ဆက်လက် တင်ပြပါမည်။

ကိုရင်မိုး

No comments:

Post a Comment