Thursday, January 7, 2010

သာသနာညှိုးနွမ်းစေသည့် လက်သည်များ

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသည့်အတိုင်း လူတစ်စု၏ ပြုမူ ဆောင်ရွက်ခြင်းကြောင့် လူ့ အဖွဲ့အစည်းကြီး တစ်ခုလုံး သာသနာကြီးတစ်ခုလုံး မျက်နှာပျက်ရ စရာများ ဖြစ်တော့သည်။

ယခုအခါ- မဆင်မခြင်သော သူများက ကမ္ဘာနှင့် အ၀ှမ်း ဘာသာရေး အတင်းပြောမှုများ ခေတ်ထလာသည်။ ဘာသာရေး အတင်းပြောဆို ကြရာတွင် အင်တာနက် အီးမေးလ် အွန်လိုင်းအား အတင်းအဖျင်း ပို့ဆောင် သယ် ယူရေး ဌာနကြီး အဖြစ် အသုံးပြုနေတော့သည်။ အချင်း ချင်း ပုတ်ခတ်ပြောဆို ချေပကြရာ၌ မြန်မာနိုင်ငံမှ ကရင် ဗုဒ္ဓဘာသာများ ဖြစ်သည့် ဒီကေဘီအေ အဖွဲ့ကြီးမှ ရဟန်း သံဃာတော်များမှ တစ်ချို့ ဦးဇင်းများ ကိုရင် များ၏ သေနတ်ကိုင်ဆောင်မှု၊ သီရိလင်္ကာမှ တမီရ်များ၊ ဟိန္ဒူများအား ပြန်လည်တော်လှန်ရာတွင် ဟိန္ဒူ မုန်းတီးရေး၌ အခြားဘာသာများသည် ဗုဒ္ဓဘာသာများနှင့် ပူးပေါင်းပါဝင်ပါဟု သံဃာတော်တစ်ချို့၏ ဖိတ်ခေါ်မှုများသည်လည်း ပြော စရာများ အနက်မှ တစ်ခု ဖြစ်လာခဲ့သည်။

ဘာသာရေးဆရာများ- တရားဟောဆရာများက လူသတ်လက်နှက်များ ကိုင်စွဲခြင်းသည် သာသနာတစ်ခုအား သိက္ခာကျစေရာ အ ကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ကရင်ဗုဒ္ဓဘာသာ ဘုရားသားတော် ရဟန်းများ၊ ဦးဇင်းများ၊ ကိုရင်များ၏ လက်နက် ကိုင်ဆောင်မှုအား ယခုအခါ ရပ်စဲလိုက်ပြီ ဖြစ်သော်လည်း ၁၉၉၆ ခုနှစ်မှ ၁၉၉၉ နှစ်လောက်အထိ အချို့သော ရဟန်းတော်များ၏ လက် နှက်ကိုင်ဆောင်ခဲ့မှု သမိုင်းမှာ- အဘယ်ကြောင့် လက်နှက် ကိုင်ဆောင်ခဲ့ရသည်ဟူသော အချက်အား အကြောင်းရင်း သမိုင်းဇစ်မြစ်အား ထိန်ချန်မြှုပ်ကွယ်ထားလျှင် လိမ်ညာ ဖုံးဖိထား၍ မရနိုင်တော့ သလို၊ ဗုဒ္ဓသာသနာတွင် ပေကျံသွားသော အမည်းစက်ကိုလည်း ဖြေဖျက် နိုင်မည် မဟုတ်တော့ပေ။

အတိတ်ရာဇ၀င်များမှ ဖုံးဖိထားခဲ့သည်များကိုပင် ကျောက်စာ ကျောက်ချပ်များ။ အရိုးကြွင်း အရိုးကျန်များ တူးဖေါ်လျှက် ဖေါ်ထုတ်နေကြသည် ဖြစ်ရာ- ဓါတ်ပုံမှတ်တမ်း၊ ဗွီဒီယို စသည်များဖြင့် မှတ်တမ်းတင်ထားနိုင် သော ယခုခေတ်မှ ဖြစ်ရပ်ကြီးသည် မည်သည့်နည်းနှင့်မှ ထိန်ဝှက်ထားနိုင်မည် မဟုတ်ပေ။ ဖျောက်ဖျက်၍ လည်း ရနိုင်တော့မည် မဟုတ်ချေ။

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်- ရသည်မှာ မှန်သော်လည်း၊ ထိုငခုံးမ ပုပ်ရသည့် အကြောင်းရင်းကို ထိန်ချန်ထားလျှက် ပုပ်နံ့ကိုသာ အပြစ်ဆိုနေချေက စစ်မှန်တိကျသော အဖြေကောင်း တစ်ချက် ထွက်မလာနိုင် တော့ချေ။
ထိုဖြစ်ရပ်သည်- ခရစ်ယာန် လူဆိုးလူမိုက်များ၏ ပရောဂကြောင့်သာ ဖြစ်ခဲရခြင်း ဖြစ်သည်။ ထိုအတွက်လည်း သမိုင်းကြောင်းအား အနည်းငယ်လှန်စရာ ရှိနေသည်။
ကိုယ့်မင်းကိုယ့်ချင်းနှင့် နေသော မြန်မာနိုင်ငံသည် နိုင်ငံခြားတို့၏ ကျူးကျော်မှုအား သုံးကြိမ်ခံခဲ့ရသည်။ ပထမဦးစွာ ကျူးကျော် ၀င် ရောက်ခဲ့သူများမှာ အေဒီ ၁၁၆၅ ခုနှစ်-ပုဂံမင်း ရွှေနန်းရှင် သို့ဟုတ် နရသူ လက် ထက် ပဋိက္ကရားမှ ကုလား (သီဟိုဠ်) မှ ပရက္ကမဗာဟု (၁) တိုက်ခိုက် သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နရသူကို ကုလားကျမင်းဟု ရာဇ၀င်တွင်ခေါ်တွင်သည်။ ထိုရောအခါ- ဗုဒ္ဓရဟန်းတော်များ၏ ၀င်ရောက် ဖြန်ဖြေမှုကို သီဟိုဠ်တို့ဘက်မှ လက်ခံ၍ ပြန်သွားခဲ့သည်ဟု စူဠ၀ံသနှင့် ဒေ၀နာဂလ ကျောက်စာများ၌ ဖေါ်ပြ ထားသည်။

ဒုတိယ အကြိမ်တွင် မွန်ဂိုများ အုပ်ချုပ်ထားသော တရုတ်ပြည် ယူနန်မင်းမှ တိုက်ခိုက် သိမ်းပိုက်ခြင်း ဖြစ်သည်။ ရန်စမှာ ၁၂၇၁ မှ ကူဗလေခံ၏ သံအမတ်တို့ကို မြန်မာမင်း စည်သူ (၄) ခေါ် တရုတ်ပြေးမင်းက သတ်ပစ် လိုက် ရာမှ စသည်ဟု ရာဇ၀င်များ၌ ဆိုသည်။ ၁၂၈၅ ၌ တရုတ်ပြေးမင်းက အညံ့ခံသဖြင့် သူ့ကိုပင် နန်းပြန်တင်ကာ ကျဲန်မိ-အင် ဟူ၍ မြန်မာကို တရုတ်၏ လက်အောက်ခံနိုင်ငံ ဖြစ်စေခဲ့သည်။ မြန်မာပြည်တွင်း နန်းလုပွဲများ ကြောင့် ၁၃၀၀ ပြည့်နှစ်တွင် မွန်ဂိုတို့ ရောက်လာပြန်သည်။ သို့သော် မွန်ဂိုတို့သည် မြန်မာ တစ်ပြည်လုံးသို့ ကျူးကျော်ခြင်း မရှိဘဲ၊ သို့သော် မြန်မာတို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မွန်ဂိုတို့ ပြန်သွားခဲ့၍- ၁၃၀၃ ဧပြီ ၄ ရက် တွင် မြန်မာနိုင်ငံအား မွန်ဂိုလက်အောက်မှ ကင်းလွတ်သော နိုင်ငံအဖြစ် တရားဝင်ကြေငြာပေးခဲ့သည်။

သီဟိုဠ်ကုလားများ၊ မွန်ဂိုများသည် စစ်ရေးအင်အား သာသော်လည်း မြန်မာနိုင်ငံအား သိမ်းပိုက်ဝါးမြိုပစ်ခြင်း မရှိဘဲလျှက် မြန်မာ့ထီး မြန်မာ့နန်းအား လေးလေးစားစား အသိအမှတ်ပြုပေးခဲ့ကြလေသည်။

တတိတမြောက် ကျူးကျော်သူများ ဖြစ်သော ခရစ်ယာန် နယ်ချဲ့များသည်ကား ထိုသို့ မဟုတ်- မြန်မာနိုင်ငံအား သိမ်းပိုက်ဝါးမြိုရန်သာ မဟုတ် ဗုဒ္ဓသာသနာတော်ကိုပါ ကျွန်ပြုဝါးမြိုပစ်ရန် ကြိုးစားလေတော့သည်။ ထိုသူယုတ်မာတို့သည် ရဟန်းသံဃာတော်များကိုလည်း ဂရုမစိုက်ခဲ့။ နောက်ဆုံး ဦးဝိစာရကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကိုယ်တော်များကိုပင် အသက်ဆုံးရှုံးရသည်အထိ ပစ်ပယ် ထားခဲ့သည်။ ခရစ်ယာန်များသည် လူကိုသာ ကျွန်ပြုသည် မဟုတ် ရိုးသားသော တိုင်းရင်းသားများ၏ ရိုးသာ သာသနာများကိုလည်း ကျွန်ပြု လိုက်သည်။ မလွှဲသာ မရှောင်သာ လွတ်လပ်ရေး ပေးရတော့မည့် အချိန်၌ပင် ခရစ်ယာန်ဖြစ်နေသော တိုင်းရင်းသားများမှ လူငယ် တစ်ချို့အား အင်္ဂလန်သို့ ခေါ်ယူ၍ ပညာသင်ပေးခဲ့သည်။ ရာသက်ပန် အတူနေထိုင်လာသော တစ်မြေတည်းနေ တစ်ရေတည်းသောက် မြန်မာ ဗုဒ္ဓဘာသာများအား မျိုးရိုးစဉ်ဆက် မဟာရန်သူကြီးများ ဖြစ်သည်ဟု သွေးခွဲသွန်သင်ခဲ့သည်။

လွတ်လပ်ရေးကိုလည်း မြန်မာအပါအ၀င် အခြားသော တိုင်းရင်းသားများနှင့် အတူမယူစေရန် သွေးထိုးပေးခဲ့သည်။ ထိုခရစ်ယာန်မှိုင်းမိ သွားသော ခေါင်းဆောင်များသည် မြန်မာဟူ၍ ကရင်ဟူ၍ သီးခြား ခွဲခြား၍ မရသော နယ်မြေများ၌ပင် ကရင်ခွဲထွက်ရေးဟု တောင်းဆို လေတော့သည်။

ထိုထက်ပို၍ အရေးကြီးသော အချက်မှာ ကရင်ခွဲထွက်ရေးဟု ခေါင်းစဉ်တပ် ကြိုးပမ်းခဲ့သော အဖွဲ့အတွင်းမှ ကရင်လူမျိုးစစ်စစ် ဗုဒ္ဓဘာ သာများအား ရှေ့တန်းမှ ဓါးစာခံများ အတွက်သာ ရာသက်ပန်သုံးခဲ့လေတော့သည်။ ကရင့်တော်လှန်ရေးတွင် ကရင်ဗုဒ္ဓဘာသာမှာ ၈၀ ရာနှုန်းကျော်ပါဝင်၍- ခရစ်ယာန်နှင့် မူဆလင်များမှာ ရာခိုင် နှုန်း အနည်းငယ်သာ ပါခဲ့လေသည်။ သို့ရာတွင် ဗိုလ်လေး ဗိုလ်ကြီး ဗိုလ်ချုပ် များမှာ ခရစ်ယာန်မှ အပ အခြား သူများ ဖြစ်ခွင့် မရခဲ့ချေ။ ဗိုလ်ချုပ်မြသည်ပင် မိမိရာထူးရရှိရေး အတွက် ဗုဒ္ဓဘာသာစစ်စစ်မှ ခရစ်ယာန် သို့ ကူးပြောင်းခဲ့ရလေတော့သည်။ ကရင့်တော်လှန်ရေး နှစ်ငါးဆယ်အတွင်း အောင့်သက်သက်နှင့် ခရစ်ယာန်ထဲသို့ ၀င်လိုက်ရသော လူဦးရေမှာ မနည်းလှချေ။ ဗုဒ္ဓဘာသာ ကရင်စစ်သားများထံမှ မကြာခဏ ကြားသိရသော စကားမှာ ယယ်အေကဲ ချောင်ယောင်းထိဒူ ယကဲချလာ့ လထ-တကယ်လို့ ငါသာ (ရေကူးတဲ့သူ) ခရစ်ယာန် ဖြစ် ခဲ့ရင် ငါ-ဆရာဖြစ်တာ (ရထူးရတာ)ကြာပြီ။ -ဖလုံ ခေါ် ကွင်းကရင် သို့မဟုတ် ဗုဒ္ဓဘာသာ ကရင်များ ပြောသော စကား ဖြစ်သည်။
ခရစ်ယာန်နှင့်ညား၍- ခရစ်ယာန်ထဲသို့ မ၀င်သောကြောင့် မတရား အသတ်ခံလိုက်ရသော မူဆလင်၊ ဗုဒ္ဓ ဘာ သာပေါင်း မှာလည်း အထောင်အသောင်းမက ရှိခဲ့သည်။ ရှိနေဆဲ ဖြစ်သည်။

ငပိစား မျှစ်ကိုက်လျှက် တိုက်ပွဲဝင်နေရသော ကရင် ဗုဒ္ဓဘာသာထုကြီးမှာ- မည်သည့်အခါတွင်မှ နေရာ မရခဲ့။ ရာထူးတက်ချင်လျှင် ခရစ် ယာန်ထဲသို့ ၀င်ကိုဝင်ရမည် ဖြစ်သည်။ မကြာသေးမှီ နှစ်က လုပ်ကြံခံလိုက်ရသော ဗိုလ်ဆန်ပြုတ်သည်ပင်- ဧရာဝတီတိုင်းသား ဗုဒ္ဓ ဘာသာ အစစ်မှ ဒူးပလာခရိုင် ရဲမှုးဖြစ်ရန် ခရစ်ယာန်သို့ ၀င် လိုက်ရသူ ဖြစ်သည်။ ထိုသူတို့၏ တော်လှန်ရေးမှာ ကရင်တော်လှန်ရေး ဟု နာမည်ကောင်း ယူထားသော်လည်း အမှန်တကယ်၌ ခရစ်ယာန်တော်လှန်ရေး သို့မဟုတ် ကရူးဆိတ်သာ ဖြစ်လေသည်။

ကရင်များသည် ရိုးသားသည်။ ပြောဆိုသမျှကို ရိုးသားစွာပင် ယုံလွယ်သည်။ အမိန့်နာခံသည်။ ထိုသို့ဖြင့် ကရင်ဗုဒ္ဓဘာသာထုကြီးမှာ ခရစ်ယာန်တစ်စု၏ ကျေးကျွန်ဘ၀ဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်ကိုပင်- အပြုံးမပျက်ခဲ့ပေ။ သို့သော် မည်သူမဆို မိမိဘာသာတရား အား မိမိချစ်ကြလေသည်။ ကရင် ဗုဒ္ဓ ဘာသာများသည်လည်း သူတို့၏ ရိုးရာဖြင့် ဗုဒ္ဓသာသနာအား ချစ်ခင်ဖက်တွယ်ကြသည်ပင် ဖြစ်သည်။

နင်းပြားဘ၀- ရာထူးမရဖြင့် နှစ်ပေါင်း နှစ်ပေါင်း ၄၉ နှစ် ခံစားပြီးနောက်ပိုင်း၊ မခံမရပ်နိုင်သော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်လေတော့ သည်။ ၁၉၉၆ ခုနှစ်ဟု ဆိုရမည်။ သုမွဲထ မြစ်ဆုံတွင် ဘုရားတည်သည့် ကိစ္စမှ စတင်ခဲ့သည်။ ထိုမှစ မြိုင်ကြီးငူဆရာတော်၏ အမည်ကို လူသိလာခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာများ ဘုရားတည်မည့် နေရာမှာ ခရစ်ယာန်ဘုရားကျောင်း မျက်နှာခြင်းဆိုင် နေရာဖြစ်သည်။ ထို အချင်းအရာအား ခရစ်ယာန်များက လုံးဝ မလိုလားခဲ့ပေ။

ကရင့်မြေ၊ ကရင့်ရေ၊ ကရင့်ဒေသတွင် လက်တစ်ဆုတ်စာ လူနည်းစု ခရစ်ယာန်များက ကြိုက်သလို ချယ်လှယ် နေရာယူလိုက ယူနိုင် သည် သို့သော် ဗုဒ္ဓဘာသာ လူများစုကြီးအတွက် ဘုရားတစ်ဆူတည်ရန်ပင် နေရာမရှိပေ။

ခရစ်ယာန် ဗိုလ်မှုး ဗိုလ်ချုပ်များက အကြောင်းပြသည်မှာ အကယ်၍ထိုနေရာ၌ ဘုရားတည်လိုက်လျှင်- ရန်သူက သူတို့နေရာအား အလွယ် တကူမြင်နိုင်မည်၊ အလွယ်တကူ သိနိုင်မည်ဟု ဖြစ်သည်။ စစ်ရေး ဗျူဟာအရ ရန်သူအား လမ်းပြရောက်မည်ဟု ဆိုသည်။

အမှန်တကယ်တွင် ထိုဗိုလ်မှုး ဗိုလ်ချုပ်များကိုယ်တိုင်က မည်သည့် စစ်ပညာကိုမှ တတ်သည်မရှိ။ လူမိုက်တိုက်- မိုက်ရူးရွဲ စိတ်သာ ရှိ သူများဖြစ်သည်။ ကရင်တော်လှန်ရေး တစ်လျှောက် နယ်စပ်ဂိတ်များမှ ကောက်ခံရရှိခဲ့သော် ၀င်ငွေများမှာ ရေတွက်၍ပင် မနိုင်ပေ။ ထိုငွေကြေးဖြင့် ကရင်လူမျိုးများအတွက် ပညာကျောင်းများ တည်ဆောက်ပေးခြင်း မရှိခဲ့။ ကရင့်တော်လှန်ရေးအတွက် စစ်ရေးဗျူဟာ- နိုင်ငံရေးဗျူဟာများ တတ်ကျွမ်းစေရန် နိုင်ငံခြား ပညာသင်များ စေလွှတ်ခဲ့ခြင်း မရှိ။ ဗိုလ်မှုး ဗိုလ်ချုပ်တို့၏ လက်ရွေးစင် သားသမီး တစ်စု ကိုသာ အိမ်နီးချင်း နိုင်ငံ၌ ကျောင်းထားပေးခြင်း၊ အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ ခရစ်ယာန်ဘာသာရေး ဘွဲ့များ ယူခိုင်းခြင်းများသာ ရှိခဲ့ လေသည်။ ထိုခရစ်ယာန် ဘာသာရေးဘွဲ့ရများထံမှ ဘယ်စစ်ရေး ဗျူဟာများကို ရလိမ့်မည် ဖြစ်သနည်း။

သူတို့၏ စစ်ရေးပညာ- စစ်ရေးဗျူဟာမှာ ဗုဒ္ဓဘာသာဝင်များ ရှေ့မှောက်၌ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ပါးရိုက်ခြင်း။ စစ်ဖိနပ်ဖြင့် ဆောင့်ကန်ခြင်း၊ ခေါင်း ရိုက်ခွဲခြင်း။ သေနတ်ဖြင့် ပစ်သတ်ခြင်းများသာ ဖြစ်ခဲ့သည်။

ထိုသို့ သူယုတ်မာ ခရစ်ယာန်များကြောင့်- ၁၉၉၆ ကရင် အရေးအခင်းတွင် လက်နက်မဲ့ ဗုဒ္ဓသာသနာဝင်များ များစွာ သေဆုံးရတော့ သည်။ ကရင့်တော်လှန်ရေး တပ်တွင်းမှလည်း ဗုဒ္ဓဘာသာများ ထံမှ လက်နှက်များအား သိမ်းဆည်းပစ်လျှက်- တဘက်သတ် စတင်ပစ် သတ်ခြင်းများ ဖြစ်ခဲ့သည်။ ထိုစစ်ပွဲ၏ အဓိက တရားခံမှာ ဗိုလ် ကျော်ရှား-ဖြစ်၍၊ သူ့အထက်မှ ခရစ်ယာန်လူကြီးများကလည်း မျက်ကန်း မျိုးချစ်ပညာမဲ့များသာဖြစ်လျှက် ဗုဒ္ဓဘာသာတို့အား တရားလက်လွန်ပြုခဲ့ခြင်းများ ဖြစ်သည်။

ပြေးလမ်းပိတ်နေသော ရဟန်းသံဃာပေါင်း များစွာအား ဘာသာရေး အငြိုးအတေးဖြင့် ရက်ရက်စက်စက် အသတ်ခံ လိုက်ရသည်။

ထိုဖြင့် မဆုံးသေး။ မိမိတို့၏ ခရစ်ယာန် အယူသည်းခြင်းကို မမြင်နိုင်ဘဲလျှက်- ကရင့်တော်လှန်ရေး နှစ်ခြမ်းကွဲရ သည်မှာ ဘုန်းကြီးများ ကြောင့်ဟု တစ်ရားသေ တစ်ထက်ချ သတ်မှတ်လျှက်-ဘုန်းကြီးများအား ရသည့်နည်းဖြင့် သတ်ဖြတ်ရန် ကြံစည်ခဲ့လေသည်။ ထိုကရင် ပြည်နယ်မှ ဘုန်းကြီးများသည် သူ့တို့၏မြေ သူတို့၏ ရေ သူတို့၏ ဒေသအား ထားခဲ့လျှက် ဘယ်အရပ်သို့မှ ထွက်ပြေး၍ မရနိုင်သည့် အဆုံး မိမိကိုယ်မိမိ လုံခြုံရေးအတွက် လက်နက်ကိုင် နေခဲ့ရတော့သည်။ ထိုရဟန်းများသာ လက်နက်မကိုင်ဘဲ- ထွက်ပြေး တိမ်းရှောင် သွားမည် ဆို လျှင်- ထိုဒေသ၌ ဗုဒ္ဓဘာသာတို့သည် သာသနာရေးရာ၌ အားကိုးအားထား မဲ့သွားရပေလိမ့်မည်။ ခရစ်ယာန် အယူသည်း များ၏ ဘေးမှ ပြေးလာသော သူတိုင်း၏ အားကိုးအားထားရာ အရိပ်မှာ ရဟန်းတော်များ၊ ဘုန်း ကြီးကျောင်းများသာ ရှိခဲ့ပေသည်။

ထိုအခြေ အနေများကြောင့်- သွေးလှိုင်းဆူပွက်နေသော ခရစ်ယာန် လူယုတ်မာများ၏ လူသတ်ကွင်းကြီးထဲ၌ နောက်လိုက် ဒကာ ဒကာမ များ အကျိုးငှာ ရဟန်းသံဃာတော် တစ်ချို့မှာ သေနတ်ကိုင်ဆောင် စောင့်ရှောက် ရန် ပြေးမရှောင်သာသော တာဝန်တစ်ရပ် ဖြစ်ခဲ့ရတော့သည်။

မည်သို့ ဆိုစေ- ဗုဒ္ဓဒေသနာ၌ ဆေးမှင်တစ်စက် စွန်းခဲ့ရသည့် အကြောင်းမှာ- ခရစ်ယာန်လူယုတ်မာ များ ကြောင့် ဖြစ်သည် ဟူသော အချက်အား သမိုင်းမတင်ဘဲ မနေနိုင်ခဲ့ပေ။


ပြည်ချစ်စိုး (ဖားအံ)

No comments:

Post a Comment