Thursday, February 18, 2010

မုန်းတီးခြင်း၏ ပဋိသန္ဓေ

ကျွန်တော် ကိုရင်မိုးသည် ကယ်တင်ရှင် မဟုတ်ပါ။ ကယ်တင်ခြင်း ၀ါဒကိုလည်း လက်မခံပါ။ မြန်မာနိုင်ငံ- မြန်မာ နိုင်ငံသားများအား ချစ်ခင်သော စိတ်ဓါတ်ရှိသည့် လူတစ်ဦး ဖြစ်သည်ဟု မိမိကိုယ်မိမိ သတိထားမိပါသည်။ မြန်မာနိုင်ငံအား ချစ်ခင်သူ တစ်ဦးအနေဖြင့် မိမိလေ့လာ ဆည်းပူးမိသော ရှုဒေါင့်မှ ဖြစ်နိုင်ခြေ ရှိသည်များကို အကြံပြု တင်ပြနိုင်ခွင့် ရှိသည်ဟု ခံစားမိ သည်။

ကျွန်တော်သည် ခရစ်ယာန် လူယုတ်မာများ၏ အကျင့်စရိုက်အား စိတ်ဘ၀င်မကျ၍ သူတို့အား ဆင်ခြင်မှု ရှိလာစေရန် ဤပို့စ်တွင် ရေးသား ဖေါ်ပြနေရခြင်း ဖြစ်သော်လည်း ခရစ်ယာန်ထဲမှာ လူကောင်းများနှင့် အခြား မည်သည့် ဘာသာဝင်မှ မဆို လူကောင်းများအား လေးစား တန်ဘိုး ထားပါသည်။
ဤနေရာ၌ ကျွန်ုပ်ရိုးသားစွာ ၀န်ခံလိုသည်မှာ ကျွန်ုပ်တို့၏ မြန်မာ ဗုဒ္ဓဘာသာများတွင်လည်း အခြားသော လူနည်းစု တိုင်းရင်းသားများအပေါ် ခွဲခြားတတ်သော၊ အခြားသော ဘာသာ တရားများအား သေချာစွာ မလေ့လာဘဲလျှက် ပြစ်တင် ဝေဖန်တတ်သော အကျင့်စရိုက် ရှိသူများ ရှိပေသည်။
ဤအကြောင်းတရားများသည် မြန်မာလူမျိုး များအနက်မှ လူနည်းစုသာ ဖြစ်သော်လည်း ထို လူနည်းစုကြောင့် လူမျိုး၊ နိုင်ငံတစ်ခုလုံး သိက္ခာကျစရာ အကြောင်းများ ဖြစ်ပေသည်။
ဗုဒ္ဓမြတ်စွာက သတ္တ၀ါတို့အား မုန်းတီးခြင်း၊ စာနာမှုကင်းမဲ့ခြင်း၊ နားလည်မှု မပေးတတ်ခြင်း များအား ရှောင်ကြဉ်ရန် ဆုံးမသွန်သင်ခဲ့ပေသည်။ သို့သော် ယနေ့အခါတွင် ဗုဒ္ဓမြတ်စွာ၏ ဒေသနာ ထီးရိပ်အောက်မှ အခြား သူများအား မုန်းတီးခြင်း၊ အခြားလူတို့၏ အယူအဆများကို မလေ့လာ မစူးစမ်းဘဲလျှက် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာလျှက် အတင်းပြောခြင်း၊ မကောင်း ပြောခြင်း-စသည့် အနုစား မှုသာဝါဒများကို ကျူးလွန် နေခြင်းများကို စိတ်မကောင်း စွာ တွေ့ရှိရပေသည်။
ထိုထက်ပို၍ သူတပါး ကိုးကွယ်ယုံကြည်သော ဘာသာတရားတို့အား စော်ကားခြင်းဖြင့် နိုင်ငံရေး အမြတ်ထုတ်ခြင်း၊ နိုင်ငံသားများအကြား သွေးခွဲရန်တိုက်ပေးခြင်း စသည့် မလုပ် သင့်သော လုပ်ငန်းများကိုလည်း လုပ်ဆောင် လေ့ရှိသည်ကို တွေ့ရပေသည်။ ထိုလုပ်ငန်း စဉ်များသည် အာဏာရှင်အစိုးရများမှ လုပ်ဆောင်လေ့ရှိသည့် လုပ်ငန်းစဉ်မျိုး ဖြစ်သော်လည်း အာဏာရှင်အား တော်လှန်လိုသည့် အတိုက်အခံများထဲ၌ပင် အတွင်းစိတ်မှ ထောက်ခံ အားပေးနေသော အကျင့်များရှိသည့် လူတန်းစားများ ရှိကြောင်း စိတ်မကောင်းဘွယ် တွေ့ရ ပေသည်။

ထိုသို့ ယုတ်မာကောက်ကျစ်၊ အောက်တန်းကျသည့် စိတ်ဓါတ်များကို မွေးမြူစေရန် ဗုဒ္ဓ မြတ်စွာက သွန်သင်ခဲ့ ခြင်း မရှိသကဲ့သို့ ဖြူစင်ရိုးသားသည့် ဗုဒ္ဓရဟန်းတော်များကလည်း ပဲ့ပြင်ခဲ့ခြင်း မရှိချေ။ လူသားချင်း မုန်းတီးချင်း ဟူသည့် ပဋိသန္ဓေမှာ မတော်မတရား အာဏာ လိုချင်သူများ၏ မှိုင်းတိုက်မှုသာ ဖြစ်ပေသည်။
ထိုသို့ မတော်မတရားသော အမှုအား ကျူးလွန်သူအား ဗုဒ္ဓမြတ်စွာ၏ ဒေသနာအား ချစ် မြတ်နိုးသူတိုင်းက တားမြစ်ရန်မည် ဖြစ်သည်။ မိမိလူက သူတစ်ပါး ဘာသာအား စော်ကား သောအခါတွင် နှတ်ဆိတ်နေ၍၊ သူတစ်ပါးက မိမိဘာသာအား ထိခိုက်လာတော့မှ စိတ်ဆိုး ဒေါသ ဖြစ်သောသူသည် ဖြောင့်မတ်မှုရှိသောသူ မည်သို့မျှ မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော လူ တန်းစားသည် အနာဂါတ် မြန်မာနိုင်ငံအတွက် တန်ဘိုးရှိသော လူတန်းစားလည်း ဖြစ်လာမည် မဟုတ်ပေ။ ယခုခေတ်အခါသည် ကမ္ဘာအ၀ှန်း စုပေါင်းနေထိုင်သော နယ်နိမိတ်မဲ့ ခေတ် ကာလကြီး ဖြစ်လာ နေသည်ကို ဆင်ခြင်သင့်ပေသည်။ မြန်မာနိုင်ငံ ဧရိယာထဲတွင် ကျွန်ုပ် တို့မှာ လူများစုဟု ထင်မြင်ရ သော်လည်း ကမ္ဘာ့ရွာ ဖြစ်လာသော ယခုခေတ်တွင် ကျွန်ုပ်တို့မှာ အလွန်တရာ လူနည်းစုသာ ဖြစ်သည်ကို ရိုးသားစွာ ဆင်ခြင်ရမည် ဖြစ်သည်။

လူနည်းစုတွင် ရိုးသားဖြောင့်မတ်သော စိတ်ဓါတ်များကို ပိုင်ဆိုင်ထားမှသာလျှင် ထိုလူနည်း စု၏ ဂုဏ်သိက္ခာသည် အဖတ်တင်နိုင်သည်။ အသိအမှတ်ပြုခံရနိုင်သည်။ လူနည်းစု ဖြစ်နေ ပါလျှက် မရိုးမသား ကောက်ကျစ်သော- စိတ်ဓါတ်များကို ပြင်ဆင်ထားလျှင်-------------။ မတွေးဝံ့စရာပင်။
မရိုးမသား ကောက်ကျစ်မှုသည် ဘာသာတရား မဟုတ်ဟု ကျွန်ုပ်ဆင်ခြင်မိသည်။

ကိုရင်မိုး

No comments:

Post a Comment